အိပ်မပျော်သော ညများ ကုန်ဆုံး လွန်မြောက်ပါစေ

“အိပ်မပျော်တဲ့ သူအတွက် ညတာဟာ အရမ်းရှည်ပါတယ်။ စစ်မှန်တဲ့ သစ္စာတရားကို မသိသေးသူအတွက် သံသရာဟာ ရှည်လျားလွန်းတယ်” လို့ မြတ်စွာဘုရား ဥပမာပြု ဟောကြားခဲ့ ဖူးပါတယ်။ အိပ်ချင်ပါလျက်နဲ့ အိပ်မပျော်တဲ့ ညတွေမှာ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့တဲ့ ကလေးဘ၀ရဲ့ အိပ်ရာဝင် အချိန်တွေဟာ တကယ်ကို ပြန်တောင့်တစရာပါပဲ။ အသက်အရွယ်လေး နည်းနည်း ရလာတာနဲ့ အမျှ ကျွန်တော်တို့မှာ အိပ်မပျော်တဲ့ ညတွေ ရှိလာပါတယ်။ ဒီလို အိပ်မပျော်တဲ့ စိတ္တဇညများ ကုန်ဆုံး လွန်မြောက်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ တာဝန်တွေ ကြီးလာတာနဲ့ အမျှ အိပ်မရစေတဲ့ အကြောင်းအချက်တွေ မျိုးစုံကို ကျွန်တော်တို့ ပိုင်ဆိုင်လာကြပါတယ်။ စိတ်ဖိစီးမှုများလွန်းရင် ပူလောင်ပြီး အိပ်လို့ မရတော့ပါ။ ပင်ပန်းလွန်သွားရင်လည်း အိပ်ပျော်ရေးမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ရောဂါဝေဒနာ တစ်ခုခု ရှိနေရင်၊ လန်းဆန်းတက်ကြွစေတဲ့ လက်ဖက်ရည်၊ ကော်ဖီ စတဲ့ ကဖိန်းဓာတ် ပါတဲ့ အစားအစာ၊ ဆေး တစ်စုံတစ်ရာကို အိပ်ခါနီး မှီဝဲထားရင် ဖြစ်စေ အိပ်ပျော်ခြင်းကို တားဆီးနေလို့ အိပ်မရစေပါဘူး။

အိပ်ပျော်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်း မယ်လ်တိုနင် (Melatonin) ဆိုင်ရာ ချို့ယွင်းချက် တစ်ခုခု ရှိနေရင် ဘယ်လိုနည်းနဲ့မှ အိပ်လို့ မရတော့တာ ဖြစ်တတ်ပါတယ်။ ဒါကတော့ ဆရာဝန်နဲ့ ပြရတော့မယ့် အခြေအနေပါပဲ။ ဒါပေမယ့် ဒါမျိုး ဖြစ်တာက အရမ်းရှားပါတယ်။ အများဆုံး ဖြစ်ရတဲ့ အကြောင်းကတော့ စိတ်ရှုပ်ခြင်း၊ အတွေးတွေ များခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ကွန်ပျူတာ၊ တီဗွီ စတဲ့ ပစ္စည်းတွေ အနားမှာ ကြာကြာနေလို့ ဒီပစ္စည်းတွေက ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်းကြောင့် အိပ်မပျော်ရတဲ့ အကြောင်းအရင်းတွေကထဲက အဓိက တစ်ချက် ဖြစ်စေပါတယ်။

ဒီတော့ အောက်ပါ အချက်ကလေးတွေ လိုက်လုပ်ကြည့်ရင် ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်တဲ့ ညတွေ ပိုင်ဆိုင်နိုင်ဖို့ အထူး အထောက်အကူ ပြုပါလိမ့်မယ်။

(၁) သင်အိပ်စက်ရာ နေရာ အ၀န်းအ၀ိုင်းလေးကို………..
အိပ်ရာပေါ်ကို အိပ်တော့မယ့် အချိန်ကျမှ တက်ပါ။ သာမန်အချိန်မှာ မအိပ်ဘဲ တက်လဲလျောင်းတာ၊ အိပ်ရာပေါ်မှာ နေတာတွေက ခန္ဓာကိုယ်ရဲ့ အိပ်ရာအပေါ်မှာ ထားတဲ့ အိပ်စက်ခြင်း ဆိုတဲ့ အသိအမှတ်ကို ပျက်ပြားစေပါတယ်။
အိပ်ရာနားမှာ ရုပ်မြင်သံကြားစက်၊ ကွန်ပျူတာ မထားပါနဲ့။
အိပ်စက်ရာ နေရာကို တိတ်ဆိတ်ပြီး အလင်းနည်းတဲ့ နေရာရွေးပါ။ မီးပိတ်အိပ်ခြင်းဟာ အိပ်ပျော်မှု အားပေးတဲ့ မယ်လ်တိုနင် ဟော်မုန်းကို မြန်မြန်ထွက်စေပါတယ်။

(၂) ပုံမှန်အချိန်တစ်ခုမှာ အိပ်ပျော်စေဖို့………..
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ပေးပါ။ ဒါပေမဲ့ အိပ်ချိန်နဲ့ ၄ နာရီ အနည်းဆုံး ကွာပါစေ။

ဖြစ်နိုင်သမျှ အချိန်မှန်မှန် အိပ်ပေးပါ။ အိပ်ချိန်တစ်ခု သတ်သတ်မှတ်မှတ် ထားပြီး အိပ်စက်ပေးခြင်းဟာ ဇီဝနရီ ချိန်သားကိုက်ခြင်း (Right Rhythm of Bioclock) ကို ဖြစ်စေပြီး နေ့တိုင်း အချိန်မှန်မှန် ကောင်းကောင်း အိပ်ပျော်ခြင်းကို အားပေးပါတယ်။

အလင်းရောင်ကာ မျက်လုံးဖုံးမျက်နှာဖုံး (sleep mask) နဲ့ ဆူညံသံတွေ မကြားရအောင် တပ်ထားလို့ရတဲ့ နားအဆို့တွေ (earplugs) သုံးကြည့်ပါ။

မနက်ပိုင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ သဘာဝအတိုင်း ကောင်းစွာ အိပ်ပျော်ခြင်းကို အထောက်အကူ ပြုပါတယ်။

(၃) အိပ်မပျော်ရင်…………
ငြိမ်းချမ်းသာယာတဲ့ အကြောင်းအရာလေးတွေ တွေးကြည့်ပါ။ သာယာ လှပ နူးညံ့တဲ့ နေရာလေးမှာ အိပ်နေရသလို စိတ်ကူးကြည့်ပါ။
အတော်လေး ပျင်းစရာကောင်းတဲ့ အလုပ်တစ်ခု (ဥပမာ သင်မနှစ်သက်တဲ့ စာအုပ်တစ်ခု ဖတ်ခြင်း) လုပ်ကြည့်ပါ။

ဝင်လေထွက်လေ သမထ မှတ်ပေးရင် အိပ်ပျော်စေပါတယ်။

အိပ်ခါနီး နာရီပိုင်းအတွင်းမှာ အရည်တွေ များများ သောက်ရင် ဆီးအိမ်တင်းလာကာ ပြန်နိုးတတ်လို့ ဒါကို ဆင်ခြင်ပါ။

ကိုယ်က အိပ်မပျော်ခြင်း စွဲကပ်နေတယ် ဆိုရင် နိုးကြား မျက်စိကျယ်နေစေမယ့် ကော်ဖီ၊ လက်ဖက်၊ ကဖိန်းပါတဲ့ ကျွဲရိုင်း၊ လစ်ပို စတာတွေ ညနေဖက်မှာ မသုံးဆောင်ပါနဲ့။ ဆေးလိပ်ကို အိပ်ခါနီးတော့ မသောက်ပါနဲ့။ အရက်ဘီယာ စတာတွေလည်း ရှောင်သင့်တယ်လို့ ပညာရှင်များက ပြောပါတယ်။

(၄) ညဖက် အိပ်ပျော်စေဖို့ နေ့ဖက်မှာ………….
အထိုင်များလွန်းရင် အိပ်မပျော်စေတတ်တာ တွေ့ရှိရပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အားကစားကို မှန်မှန် လုပ်ပေးရင် ပင်ပန်းသက်သာအောင် Endorphin ဆိုတဲ့ ဓာတုပစ္စည်းတွေ ထွက်လာစေပါတယ်။ ဒါတွေက ဦးနှောက်စွမ်းရည်ကို တိုးတက်စေသလို နှစ်ခြိုက်စွာ အိပ်ပျော်မှုကို အားပေးပါတယ်။ ကျန်းမာရေးအတွက်လည်း အဖက်ဖက်မှာ ရောဂါမျိုးစုံ ကာကွယ်ပေးပါတယ်။

(အိပ်ပျော်စေတဲ့ မယ်လ်တိုနင်ဟော်မုန်းကို ဆေးပြားတွေအဖြစ် ရောင်းချနေကြပါတယ်။ Melatonin Tablet လို့ မေးပြီးဝယ်ရင် ရပါတယ်။ သဘာဝအတိုင်း မယ်လ်တိုနင် ထွက်စေတဲ့ အစားအသောက် တစ်ခုကတော့ နွားနို့ပါပဲ။ အိပ်ခါနီး သောက်ပေးရင် အိပ်ပျော်ခြင်းကို သိသာစွာ အားပေးပါတယ်)
MMDailyNews မှကူးယူဖော်ပြပါသည်

No comments:

Post a Comment

Photobucket Photobucket Photobucket